ဇာနည်သွေး

အဆင်ပြေပြေအရေးအသားကေါင်းလွန်းလို့ Yae Tay Za ကိုဂုဏ်ပြုအပ်ပါတယ်။
ဇာနည်သွေး
=========

ဒေါ်အောင်ဆန်းစုကြည်.....
ခင်ဗျားတရားလွန်ပြီနော်...
ဆယ်စုနှစ်တွေအများကြီး ဒီလောက်
ယုတ်မာခဲ့တာတောင် ပြုံးပြုံးကြီး
လက်ဆွဲနှုတ်ဆက်နိုင်သေးတယ်...
အံ့ရောဗျာ...!
ကျုပ်သာဆိုရင် သူတို့ကို ပါးထရိုက်တယ်။
၈၈ မတိုင်ခင်က ခင်ဗျားရဲ့အတိတ် ..
ကျုပ်တို့စိတ်မ၀င်စားဘူး.. အဲ့ဒါ ခင်ဗျားကိစ္စ..
ဘယ်သူ့ယူယူ ၊ ဘယ်သူ့မွေးမွေး..
ကျုပ်တို့အတွက် အရေးမကြီးဘူး..
ခင်ဗျားအမေ နေမကောင်းလို့ ပြန်လာတဲ့အထိ
ကျုပ်တို့နဲ့မဆိုင်ဘူး။
၁၉၈၈ သြဂတ် ၂၄ နဲ့ ၂၆
ရန်ကုန်ဆေးရုံကြီး သပိတ်စခန်းနဲ့
ရွှေတိဂုံအနောက်ဘက်မုခ်
အဲဒီက စခဲ့တဲ့ဇာတ်လမ်း..
ခင်ဗျားရဲ့ ပထမ ခြေလှမ်း..
အဲ့ဒါ ကျုပ်တို့အတွက် နိဒါန်းပဲ..
အဖေ့သွေးမို့ မနေသာလို့ပဲ လုပ်လုပ်..
ဇာနည်သွေးမို့
ခေါင်းမရှောင်ချင်လို့ပဲ လုပ်လုပ်..
ကျုပ်တို့အတွက် မဟုတ်ခဲ့ရင်
အခုလောက် လေးစားမနေဘူး။
၁၉၈၈ စက်တင်ဘာ ၂၄ မှာ သန္ဓေတည်...
စက်တင်ဘာ ၂၇ မှာ တရားဝင်ခဲ့တဲ့ NLD....
ကျုပ်တို့အတွက် မဟုတ်ရင်လည်း
အခုလောက် အားပေးနေမှာ မဟုတ်ဘူး...
ခင်ဗျားလျှောက်ရမယ့်လမ်း ကြမ်းနေမှန်း သိပါရက်နဲ့
အရဲစွန့် နောက်မတွန့်ခဲ့တဲ့ စိတ်ဓာတ်ကိုတော့
အစဉ်ဦးညွှတ်လျက်ပါ။
မ၀တ ဥက္ကဌ ဗိုလ်ကြီးမြင့်ဦး...
ခင်ဗျားဆီကို သူလာတော့ ကြိုဆိုခဲ့ပုံလေး
သတိရသေးတယ်ဗျာ...
ပန်းမပွင့်တဲ့ သေနတ်တွေနဲ့ ထိုးချိန်ပြီး
ရှေ့တိုးရင်ပစ် လို့ခင်ဗျားပြောချိန်မှာ သူ့မျက်နှာကို ခင်ဗျားတွေ့လား...
ဘာမထီတဲ့ မျက်နှာပေးနဲ့ ကြည့်နေတာလေ
အဲဒါ ဇာနည်သွေးဗျ...
ချွေးပြန်နေတဲ့ ခင်ဗျားတောင် သမိုင်းတရားခံဖြစ်တော့မလို့။
ကုလအတွင်းရေးမှူးချုပ် ပဲရက်ဇ်ဒီကွေးလျား..
ခင်ဗျားကိုတော့ ကျေးဇူးတင်တယ်...
သူ့ကိုလွတ်ပေးဖို့ တောင်းဆိုတာကို
မြန်မာပြည်က အပြီးထွက်မှ လွတ်ပေးမယ် ဆိုတဲ့ စကား..
ခင်ဗျားနားခါးချင်ခါးမှာပေါ့...
သူတို့က အဲလိုပဲ မိုက်ရိုင်းတယ်ဗျ။
နော်ဝေက နိုဗယ်ဆုဖောင်ဒေးရှင်း...
ခင်ဗျားတို့လည်း စိတ်မပျက်နဲ့...
ဆုကြေးငွေ ဒေါ်လာ ၁.၃ သန်းကို..
ကျုပ်တို့ရဲ့ ပညာရေးနဲ့ ကျမ္မာရေးအတွက် သူသုံးလိုက်ပြီ....
အခုကျုပ်တို့ ခင်ဗျားတို့ကို မြင်ရပြီလေ။
ဦးသန်းရွှေ နဲ့ ဦးခင်ညွန့် ..
ခင်ဗျားတို့ သွားတွေ့ချိန်မှာ ပြုံးနေတဲ့ သူ့မျက်နှာကြောင့်
ကြက်သီးထခဲ့ရသေးတယ်ဆိုဗျ...
မကြောက်ပါနဲ့ဗျာ...
သူက ခင်ဗျားတို့ကို ဘာမှမလုပ်နိုင်ဘူး..
တခုပဲ...
ခင်ဗျားတို့ အိမ်မက်ကိုတော့ သူလာလာဖျက်လိမ့်မယ်။
ဦးစိုးအောင်....
မောင်ဝမ်းကွဲဆိုပြ်ီး အိမ်ထဲတောင်မ၀င်ရတာကို
အညှိုးကြီးနဲ့ အမှုဖွင့်နေသေးတယ်နော်...
ထောင်ဒဏ် ၇ ရက်နဲ့ ဒဏ်ငွေ ၅၀၀
ကြိုက်တာရွေး ပြစ်ဒဏ် ၂ ခုမှာ..
ထောင်ဒဏ်ကို ရွေးခဲ့တဲ့သူမ ...
အမှုတောင် ဆိုင်းငံ့ဖြစ်သွားရတယ်လေ...
မယှဉ်နဲ့လေ သူကကျုပ်တို့ရဲ့ ခေါင်းဆောင်ဗျ။
ကြံ့ဖွတ်နဲ့ စွမ်းအားရှင်..
ခင်ဗျားတို့ရဲ့ အကြွေး ဒီပဲယင်းမှာ ရှိသေးတယ်...
သူ့တယောက်အတွက် ရင်းခဲ့ရတဲ့ ပြည်သူတွေ..
သူတော်တော် ကြေကွဲခဲ့ရတယ်...
သူ့ရဲ့ ယုံကြည်မှုနဲ့ မာနကိုတော့
မင်းတို့မထိပါးနိုင်ပါဘူးကွ...
မင်းတို့မအောင်မြင်တာ ကံကောင်းတယ်မှတ်ပါ..
မဟုတ်ရင် အဲ့ဒီနေရာ စစ်တလင်းဖြစ်ပြီ။
ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်...
ခင်ဗျားသူတို့ကို မယှဉ်နိုင်ပါဘူး..
ခင်ဗျားပြောတဲ့ လွတ်ပေးဖို့ စကားက
သူမကို အကျယ်ချုပ်တနှစ်တိုးမယ်မှန်းသိရင်
ခင်ဗျားမပြောလောက်ပါဘူး။
ကြံ့ဖွံ့အတွင်းရေးမှူး
မီးရထား ၀န်ကြီး ဦးဝင်းစိန်
ခင်ဗျားပြောတဲ့စကား မှတ်ထားတယ်နော်
ဒေါ်စုကြည်ကို သုတ်သင်ရမယ်..
အောင်ဆန်းစုကြည်ကို သတ်ရဲလား ဆိုတဲ့စကား
နှစ်ဟောင်းသွားလည်း မမေ့နိုင်ဘူး..
အကြွေးအဖြစ် မှတ်ထားမယ်
တနေ့နေ့ ဆပ်ဖို့ပြင်ထား..။
ထောက်လှမ်းရေးက ဗိုလ်မှူးသူရ
လူငယ်စာဖတ်ဝိုင်း လာတဲ့ကလေးတွေကို
အကြမ်းဖက် ရိုက်နှက်ချိန်မှာ
ကလေးတွေကို မရိုက်နဲ့၊ ကျမကိုရိုက်ဆိုတဲ့ သူ့စကား
ခင်ဗျားကြားမှာပေါ့..
"သူ့ကိုပါရိုက်"ဆိုတဲ့ ခင်ဗျားအမိန့်ကြောင့်
ဘယ်ဘက်ပခုံးပေါက်ခဲ့တဲ့သူမ
အဘဦးတင်ဦးသာ မရှိရင်
ခင်ဗျား သတ်လို့သေလောက်ပြီ..
တညနဲ့ တမနက်
မိုးရွာနေတဲ့ လမ်းမထက်မှာ
အစာငတ်စေခဲ့တဲ့ ခင်ဗျား
ကောင်းရာသုဂတိ လားပါစေ။
ဒေါ်စုရေ...
ခင်ဗျားပြောတဲ့ ခင်ဗျားအဖေစကား နားထဲကမထွက်ဘူးဗျာ..
" အကောင်းဆုံးကို မျှော်လင့်၍ အဆိုးဆုံးအတွက်ပြင်ဆင်ပါ" တဲ့...
ဆွေးနွေးပွဲမအောင်မြင်တာတောင်
ကျုပ်တို့ကို အားပေးလိုက်သေးတယ်...။
ရခိုင်နဲ့ မိတ္ထီလာ.. .
ကုလား..ဗမာ အထိကရုဏ်းကို ရပ်တန့်စေမယ့် စကားတခွန်း...
" လူနည်းစုကို အနိုင်မကျင့်နဲ့" ဆိုတာလေ...
လူထုရဲ့ ဒေါသတွေ
ပုံကျလာမှာကို သိရက်နဲ့
ရင်းလိုက်ရတဲ့ ယုံကြည်မှုတွေကို ကျုပ်နှမြောလိုက်တာ...
ခင်ဗျားအောင်မြင်ပါတယ်ဗျာ..
မဟုတ်ရင် အခုလောက်ဆို စစ်ခွာသံ ကြားနေရပြီ..
အခွင့်အရေးသမား နဲ့ ဦးနှောက်နဲသူတွေကတော့
အခုထိ ဝေဖန်နေကြတုန်း။
ဓညဝတီသားတွေ...
ခင်ဗျားတို့ဘက်က မရပ်လို့
ဒေါသထွက်နေတယ်ဆိုဗျ...
စိတ်ကိုထိန်းပါဗျ !
"ရိုဟင်ဂျာကို မသိဘူး" ပြောပြီး
"ကမ္ဘာ့ မွတ်ဆလင်အင်အားကိုလည်း
ဗုဒ္ဓဘာသာလူနည်းစုက ကြောက်နေရပါတယ်"လို့
ကမ္ဘာသိအောင် ပြောခဲ့တဲ့စကားက
အလကားမဟုတ်ဘူးဗျ။
လက်ပန်းတောင်းက ပြည်သူတွေ
ခင်ဗျားတို့ သူ့ကို ချဉ်နေကြမှာပေါ့
ခင်ဗျားတို့အတွက်
တောင်းဆိုခဲ့တဲ့ အခွင့်အရေး
လုပ်ပေးဖို့ အာဏာနဲ့တာဝန်က
ဦးသာအေးလက်ထဲမှာဗျ
"လုပ်ပေးစေချင်ရင် အာဏာအပ်"ဆိုတဲ့စကား
အလကားပြောနေတာမဟုတ်ဘူး
ခင်ဗျားတို့အတွက်ပြောခဲ့တာ။
မီဒီယာတွေ..
"သိဒ္ဓတ္ထဟာ အိန္ဒိယတိုက်ရဲ့ မင်းသားငယ်"လို့
အင်္ဂလိပ်လို ဗုဒ္ဓဝင်အတိုင်း ပြောခဲ့တာကို
ဘာသာအပြန်လွဲခဲ့လို့
ပြည်သူတချို့အထင်လွဲခဲ့ကြသေးတယ်
ဂရုစိုက်ဗျာ...
"နင်မဟုတ်ရင် နင့်အဖေပဲ"ဆိုတဲ့
ဝံပုလွေလို
အပြစ်ရှာတတ်သူတွေက အများသားဗျ။
တပ်ကုန်းက အဖိုးကြီးလို...
မြေမျိုမှာမစိုးတဲ့ လူသားကို
အရေးတယူပြောနေတဲ့ ခင်ဗျားမေတ္တာ..
ကျုပ်ခံစားလို့ရပါတယ်။
ဗိုလ်ချုပ်ရေ....
ခင်ဗျားကိုတော့ အားနာတယ်...
ညံ့လွန်းတဲ့ ကျုပ်တို့တွေကို ခွင့်လွတ်နော်...
အခုထိ မပြီးသေးတဲ့ နိုင်ငံရေးမှာ
ဗိုလ်ချုပ်သမီးကို အသုံးချမိပြန်ပြီ...
ရှက်လဲ ရှက်ပါတယ်ဗျာ...
အ လွန်းတဲ့ ကျုပ်တို့တွေကို...
ဗိုလ်ချုပ် အားရမှာမဟုတ်ဘူး...
ဗိုလ်ချုပ် စိတ်နဲ့ဆို အဆဲခံနေရလောက်ပြီ။
ဒါပဲဗျာ ....
ခင်ဗျား ကျမ္မာရေး ဂရုစိုက်ပါ...
ခြေလှမ်းတိုင်းက ကျုပ်တို့အနာဂတ်တွေမို့..
ခင်ဗျားလဲ လို့မဖြစ်ဘူး...
ကိုယ်ချင်းမစာလို့တော့မဟုတ်ပါဘူးဗျာ...
ကျုပ်တို့က အဲလောက်မစွမ်းလို့ပါ..
ခင်ဗျားရဲ့ စိတ်ဓာတ် နဲ့ ၀ီရိယ
ခင်ဗျားရဲ့ မေတ္တာ နဲ့ သီလ
ခင်ဗျားရဲ့ ပညာ နဲ့ လုံ့လတွေကြောင့်
ကျုပ်တို့ အသိအမှတ်ပြုထားတာလေးရှိတယ်ဗျ..
ကျုပ်တို့ရင်ထဲက အမြဲရေရွတ်နေတဲ့ နာမ်စားတခုပေါ့...
" အမေ" တဲ့။
YaeTayZa
8 Aug 2014

စာသားတွေကောင်းလွန်းလို့ ပြန်လည်တင်ပြပေးလိုက်ပါတယ်…
လေးစားစွာဖြင်…
Biased

Comments